![]() |
မစန်းစန်းဝင်းပြောသလို အမှန်တကယ်ပင် ရန်ကုန်မြို့ တွင်း၏ နေရာတော်တော်များများရှိ ပန်းခြံနှင့် ကလေးကစား ကွင်းများကို ဌာနဆိုင်ရာများမှ ကနဦး ပိတ်ထားခဲ့ခြင်းများ ပြုလုပ်၍ အချိန်ကာလကြာလွန်လာသောအခါ စီးပွားရေး လုပ်ငန်းရှင်များအား ဂရန်ဖောက်ကာ ရောင်းချခြင်းများရှိနေ သည်။ ထို့ကြောင့် ကလေးငယ်များဆော့ကစားရန်နှင့် ရုံး ပိတ်ရက်ကဲ့သို့ အားလပ်ရက်များတွင် အပန်းဖြေရန်ဥယျာဉ် ပန်းခြံမှာ အလွန်နည်းပါးလာပေသည်။
ယင်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင်၏ မြို့ပြ နှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြည်သူ အများစုအနေဖြင့် ထိုသို့ထင်မှတ်နေခြင်းမှာ ယခင်က ပန်းခြံ သဖွယ် ပြုပြင်ထားသည့်နေရာများကို ပန်းခြံမြေဟု အမှတ်
မှားခြင်းသာဖြစ်ပြီး ဌာနဆိုင်ရာစာရင်းဇယားများ၌ ထိုမြေ အချို့သည် ပန်းခြံမြေဟု အမည်မပေါက်ကြောင်း၊ ပန်းခြံဟု အမည်ပေါက်ပြီးသား မြေနေရာများမူ ယုတ်လျော့သွားခြင်း မရှိကြောင်း ပြန်လည်ရှင်းလင်းထားသည်။
သို့သော်လည်း လက်ရှိရန်ကုန်မြို့၌ ပန်းခြံနှင့် ကစား ကွင်း စုစုပေါင်း ၆၃ခုရှိနေသော်လည်း အများစုမှာ ပိတ်ထား ပြီး ကုမ္ပဏီကြီးများက ဆောက်လုပ်ရေးလုပ်ငန်းများ ဝင် ရောက်လုပ်ကိုင်နေသည်ကို တွေ့ရသည်။ ¤င်းမှာ ပြည်သူများ ထင်မြင်ချက်နှင့် လွဲမှားသည်ဟု ပြော၍မရသည့်အချက်တစ် ချက် ဖြစ်နေသည်။
တစ်ဖက်တွင်လည်း ရန်ကုန်မြို့တော်တွင် နေထိုင်နေ သည့် ပြည်သူများအတွက် နားနေအပန်းဖြေဧရိယာရရှိမှုအချိုး အစားမှာ လူတစ်ဦးလျှင် လေးပေပတ်လည်နှုန်းခန့်သာ ရှိ တော့သည်ဟု ကုလသမဂ္ဂ၏ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဆိုင်ရာ အဖွဲ့ဖြစ်သော UN HABITAT ၏ မြို့ပြရေးရာ သုတေသနပညာရှင် ဦးသံမိုးက ပြောပြထားသည်။
ထို့ကြောင့်ပင် ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည်အနာဂတ်ကလေးငယ်များအတွက် ကျန်း မာရေးရှုထောင့်မှကြည့်ကာ ကစားကွင်းများပြန်လည်ရရှိရန် ဆန္ဒပြမှုများ အပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းမှု များလည်း ရှိသည်။
အဆိုပါအဖွဲ့အစည်းများ၌ ပါဝင်သူများအနက် ၈၈မျိုး ဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး မှာလည်း တစ်ယောက်အပါအဝင် ဖြစ်သည်။ ဦးကိုကိုကြီးက ''ကျွန်တော်တို့ကလေးတွေ ကျန်းမာသန်စွမ်းတဲ့ကလေးတွေ ဖြစ်ရမယ်။ အခု ကျွန်တော်တို့ကလေးတွေ ကြည့်လိုက်ရင် ပိန်ပိန်သေးသေးညောင်ညောင်လေးတွေ မျက်မှန်ထူထူလေး တွေ တပ်ထားတယ်။
ကျန်းမာသန်စွမ်းတဲ့နိုင်ငံသားတွေ ဖြစ် ရမယ်။ အဲဒီလိုဖြစ်ဖို့အတွက် ကလေးကစားဖို့အတွက် ကစား ကွင်းတွေ၊ လူကြီးတွေကစားဖို့အတွက် ကစားကွင်းတွေကို ဟိုးအရင်ကတည်းက ခွင့်ပြုပြီးတော့ ဖွဲ့စည်းတည်ထောင်ထား တဲ့ဟာကို ဒီမိုကရေစီလုပ်ပါပြီဆိုမှ ကျွန်တော်တို့ကလေးတွေ ကစားစရာနေရာမရှိတဲ့
အခြေအနေမျိုးကို အဖြစ်မခံနိုင်ဘူး'' ဟု ဆိုသည်။
ဦးကိုကိုကြီးမှာ တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက် ရှိ ကစားကွင်းအား ကြံ့ခိုင်ရေးပါတီက သိမ်းယူပြီးနောက် ကွန်ဒိုတိုက်ခန်းဆောက်လုပ်မှုအပေါ် ဒီဇင်ဘာ ၂၁ရက်က ဒေသခံများ ကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သောကြောင့် တရားစွဲဆိုခံထားရသူလည်းဖြစ်သည်။
အလားတူ ရန်ကုန်မြို့နေပြည်သူများ အပန်းဖြေရန် နေရာများ ရှားပါးနေချိန်တွင် မြကျွန်းသာဥယျာဉ်အတွင်း၌ လည်း စီးပွားရေးအဆောက်အအုံများဆောက်လုပ်မည့် စီမံ ကိန်းများ ရှိနေသည်ကို မြင်တွေ့နေရသည်။
အဆိုပါမြကျွန်းသာဥယျာဉ်တွင် ကုမ္ပဏီရှစ်ခုအား နှစ် ရှည်စာချုပ်ဖြင့် ငှားရမ်းကာ၊ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထား သည့် ယင်းကုမ္ပဏီရှစ်ခုမှ ဥယျာဉ်အတွင်း အပိုင်းလိုက် လုပ် ကိုင်ခွင့်ရရှိထားခြင်းဖြစ်သည်။
အထက်ပါအကြောင်းအရာနှင့်စပ်လျဉ်း၍ ပြည်သူပိုင် နေရာကို စီးပွားဖြစ်ဧရိယာအဖြစ်သတ်မှတ်ပြီး အဆောက် အအုံများဆောက်လုပ်ခြင်းမှာ မသင့်တော်သဖြင့် ရပ်ဆိုင်း ပေးရန် အရေးကြီးအဆိုအား ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၂)မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက ပြီးခဲ့သည့်ဇွန်လအတွင်းက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်မှ လက် ခံခဲ့ခြင်း မရှိခဲ့ပေ။
''အရင်က မြကျွန်းသာထဲက သစ်ပင်ကြီးတွေအောက် မှာ နားနားနေနေနေလို့ရတယ်။ ဒါ ပြည်သူလူထုအပန်းဖြေ ရာ နေရာပါ။ ဒါကို စီးပွားရေးဇုန်ကြီးလို အဆင့်မြင့်အဆောက် အအုံတွေ ဆောက်မယ်ဆိုပြီး နှစ်ထပ်ကြီးတွေကာထားတာ မဖြစ်သင့်ဘူး။ ပြည်သူတွေ အပန်းဖြေမယ့်နေရာတွေ အရမ်း ရှားနေတဲ့အချိန်မှာ ဒီလိုလုပ်ဖို့မသင့်ဘူး''ဟု ဒေါက်တာဒေါ် ညိုညိုသင်းက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက အထက်ပါဥယျာဉ်အတွင်း စီးပွားဖြစ်အ ဆောက်အအုံများ ဆောက်လုပ်မှုကို ခေတ္တရပ်ဆိုင်းထားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ် လျက်ရှိသည်ဟု ပြောကြားထားသည်။ သို့သော် မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း စီးပွားဖြစ်အဆောက်အအုံ တည် ဆောက်နေသည့် စီမံကိန်းများရပ်နားထားခြင်းမရှိဘဲ သစ် ပင်ကြီးများအား ခုတ်လှဲ၍ ဆက်လက်တည်ဆောက်နေသည် ကို တွေ့ရသည်။
အများပြည်သူအနေဖြင့် အပန်းဖြေဥယျာဉ်များ ရှားပါး လာသည့်အတွက် အပန်းဖြေစရာနေရာများအား ယခင်အ တိုင်းသာ ဆက်လက်ထားရှိရန် (သို့မဟုတ်) အသစ်ထပ်မံ ဖော်ထုတ်ပေးရန် လိုလားလျက်ရှိကြသည်။ အထူးသဖြင့် သက် ဆိုင်ရာဌာနများမှ တစ်ဖက်လှည့်နည်းလမ်းများနှင့် ပန်းခြံ၊ ကစားကွင်းများကိုပိတ်သိမ်း၍ စီးပွားဖြစ်အဆောက်အအုံ များ တည်ဆောက်ခွင့်ပြုထားခြင်းမှာ လွန်စွာအကျည်းတန် စေသည်ဟု ထောက်ပြလာကြသည်။
တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သည့် ကိုစိုးသိန်း ဦးက ''ရန်ကုန်မှာ ကလေးတွေ အပန်းဖြေမယ့်နေရာ၊ အား ကစားလုပ်ရမယ့်နေရာ မရှိသလောက်ကို တော်တော်ရှား သွားပြီ။ တိရစ္ဆာန်ဥယျာဉ်တို့ ပြည်သူ့ရင်ပြင်တို့လို အခကြေး ငွေပေးရတဲ့နေရာတွေပဲ ရှိတော့တယ်။ ပြီးတော့ အဲဒီလိုနေ ရာတွေက တကူးတကသွားမှရမယ့်နေရာမျိုးတွေ၊ နေ့စဉ် ရက်ဆက်သွားဖို့လဲ အဆင်မပြေနိုင်ဘူး။
တကယ်ဆို အကြီး ကြီး မဟုတ်ရင်တောင် ပန်းခြံသေးသေးလေးတွေ အားကစား ကွင်းသေးသေးလေးတွေကို ရပ်ကွက်တစ်ခုမှာ တစ်ခုချင်းစီ လုပ်ထားပေးဖို့သင့်ပါတယ်။ အခုတော့ တာဝန်ရှိတဲ့သူတွေက မြေကွက်မြင်တာနဲ့ စီးပွားရေးလုပ်ဖို့ပဲ စဉ်းစားနေကြလား မသိဘူး။ အခု ကျွန်တော်တို့အတွက် အပန်းဖြေစရာက ရုပ် ရှင်ရုံတွေ၊ ဈေးဝယ်စင်တာတွေဖြစ်ကုန်ပြီ။ ဒါ လုံးဝမဖြစ်သင့် ဘူး''ဟု ဝေဖန်သည်။
ပြည်သူများ ဝေဖန်ပြောဆိုခြင်များရှိနေသည့် ရန်ကုန် မြို့၌ ပန်းခြံ၊ အားကစားကွင်း နည်းပါးနေမှုပေါ်တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အား ကစားကွင်းများဌာန ဒုဌာနမှူးဦးလှဝင်းအောင်က ''ကျွန်တော် တို့အနေနဲ့ မလုပ်ပေးချင်ဘူးလို့ မဟုတ်ပါဘူး။ လုပ်ပေးချင် ပါတယ်။ ပန်းခြံအကြီးကြီးမဟုတ်ရင်တောင် ကလေးကစား ကွင်းလေးတွေ၊ အပန်းဖြေစရာ နေရာသေးသေးလေးတွေ တော့ လုပ်ပေးချင်တာပေါ့။ ဒါပေမဲ့ အဲဒါလုပ်ဖို့တောင် မြေ မရှိတော့ ဘယ်လိုလုပ်ပေးရမလဲ''ဟု ပြန်လည်ရှင်းလင်းသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေ နှင့် ယခုနှစ် ဧပြီ ၁ရက်မှစတင်ကာ ရန်ကုန်မြို့တွင်းရှိ ပန်း ခြံ ၅၉ခုအား အခမဲ့ပြုလုပ်ခဲ့ပြီး ယင်းအခမဲ့ပြုလုပ်လိုက်သည့် ပန်းခြံများ၌ အများပြည်သူအကြား ရေပန်းစားသော မျှော် စင်ကျွန်း၊ မြကျွန်းသာ၊ မြိုင်ဟေဝန်ပန်းခြံ၊ ရင်ပြင်ကစားကွင်း စသည့်နေရာများ မပါဝင်ခဲ့ပေ။
''အခမဲ့ပြုလုပ်ပြီးတဲ့နောက်ပိုင်း လာရောက်အပန်းဖြေ သူတွေ တိုးတက်လာခဲ့ပါတယ်။ မျှော်စင်ကျွန်းတို့ မြကျွန်းသာ တို့၊ ပြည်သူ့ရင်ပြင်တို့ဆိုတာ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးထား တဲ့အတွက် အခမဲ့ပြုလုပ်လို့မရပါဘူး။ အများပြည်သူတွေ အဆင်ပြေစွာ အပန်းဖြေနိုင်ဖို့အတွက် အစွမ်းကုန်ပြုလုပ်သွား မှာပါ''ဟု ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနမှ ဒုဌာနမှူး ဦးမင်းအောင်ကပြောသည်။
အခမဲ့ပြုလုပ်ခဲ့သည့်ပန်းခြံများကို နေ့စဉ် နံနက် ၆နာရီ မှ ညနေ ၆နာရီအထိ ဖွင့်လှစ်ထားပြီး အခမဲ့ပြုလုပ်ခဲ့သော ကြောင့် နှစ်စဉ်ဝင်ငွေ ကျပ်သိန်း၂ဝဝကျော် ရရှိတော့မည် မဟုတ်ဟု ယင်းက ဆက်လက်ပြောဆိုသည်။ ထို့အပြင် ဧပြီ လမှစတင်၍ မြောက်ဒဂုံရှိ ဒဂုံသီရိပန်းခြံ၊ ဗဟန်းရှိ သီရိနန္ဒာ နှင့် ရတနာပန်းခြံ၊ ရန်ကင်းရှိ သုခဝတီပန်းခြံ၊ မင်္ဂလာတောင် ညွန့်ရှိ သံသုမာနှင့် ပုလဲမဟာမြိုင်ပန်းခြံ၊ လှိုင်သာယာပန်းခြံ နှင့် ဘုရင့်နောင်ပန်းခြံတို့ မြေယာရှုခင်းပြင်ဆင်ခြင်း၊ ရေမမြုပ် စေရန် ရေနုတ်မြောင်းထည့်ခြင်း၊ ရေနုတ်စနစ်ကောင်းမွန် အောင် ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ယင်းအပြင် မြောက်ဥက္ကလာပရှိ ဥက္ကလာသီရိပန်းခြံ၊ ရွှေပေါက်ကံပန်းခြံ၊ သင်္ဃန်းကျွန်းရှိ သုဝဏ္ဏပန်းခြံ၊ သာကေ တရှိ မြကန်သာပန်းခြံ၊ ပုဇွန်တောင်ရှိ ဇေယျာမြိုင်ပန်းခြံ၊ ရတနာနှင့် မြသီတာပန်းခြံတို့ကိုလည်း ရေပန်း၊ လမ်းနှင့်မီး များ တပ်ဆင်ခြင်း၊ ရေနုတ်မြောင်းဖော်ခြင်း၊ ထိုင်ခုံနှင့်အမှိုက် ပုံးများထားရှိခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဟာဗန္ဓုလ၊ သခင်မြ ပန်းခြံများအပါအဝင် ပန်းခြံ ၁၆ခုကို အဆင့်မြှင့်တင်ခဲ့ပြီး ပန်း ခြံတစ်ခုနှင့် အားကစားကွင်း ၁၆ခုကို အသစ်ဆောက်လုပ် ရန် စီစဉ်နေသည်။ ထိုသို့တည်ဆောက်ရန် ဘတ်ဂျက်ငွေ ကျပ်သိန်း ၃၂,ဝဝဝ သုံးစွဲရန် တိုင်းဒေသကြီးအစိုးရထံ
တင်ပြ တောင်းခံထားသည်။
ယင်းအားကစားကွင်းများ ဖော်ဆောင်ရေးအတွက် ဘတ် ဂျက်ငွေ ကျပ်သိန်း ၇,ဝဝဝကျော် သုံးစွဲသွားမည်ဖြစ်သည်။ ထို့ပြင် လက်ရှိဖော်ထုတ်သွားမည့် အားကစားကွင်းနေရာများ ကို ကျောင်းမြေ၊ တပ်မြေနှင့် ဘုရားမြေများ ရှောင်ကွင်း၍ ဖော်ထုတ်သွားမည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂ဝ၁၁- ၂ဝ၁၂က အားကစားကွင်း ၂၁ခု၊ ၂ဝ၁၂-၂ဝ၁၃ က ၁၈ခု၊ ၂ဝ၁၃-၂ဝ၁၄ က ၃၃ခု၊ ၂ဝ၁၄-၂ဝ၁၅က ၁၁ခု၊ မြေပိုင်ဆိုင် မှု မှန်၊ မမှန် စိစစ်နေသော အားကစားကွင်းခုနစ်ခုနှင့် ပုံမှန် ထိန်းသိမ်းနေသော အားကစားကွင်း ၁ဝခု စသည်ဖြင့် စုစု ပေါင်း ၁ဝဝရှိကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနစာရင်းများအရ သိရသည်။
လက်ရှိအခြေအနေတွင် ရန်ကုန်၌ မြေဈေးကြီးလွန်း သည့်အတွက် ပန်းခြံအသစ်များ ထပ်မံဖော်ထုတ်ရန် ခက်ခဲ သောကြောင့် ရှိနေသောပန်းခြံများ အဆင့်မြှင့်တင်ခြင်းမှာ ကောင်းမွန်သည့်လုပ်ဆောင်ချက် ဖြစ်နေသည်။
သို့သော် ထို သို့ ပန်းခြံများနှင့် ကစားကွင်းများအား အဆင့်မြှင့်တင်ခြင်း များ ပြုလုပ်ထားသော်လည်း စည်းကမ်းထိန်းသိမ်းမှုအား နည်းနေသဖြင့် ကလေးငယ်များကို လွတ်လပ်စွာကစားရန် နှင့် အပန်းဖြေရန် မသင့်တော်သောအနေအထား၌ ရှိနေ သေးသည်ဟု မစန်းစန်းဝင်းက ထပ်မံထောက်ပြသည်။
''ပန်းခြံတို့ ကလေးကစားကွင်းတို့ဆိုတာ ကလေးတွေ အတွက် အဓိကဦးစားပေး လိုက်ပို့ပေးကြတဲ့ နေရာတွေပါ။ အခု အဲဒီနေရာတွေမှာ ဘယ်နေရာပဲကြည့်လိုက်ကြည့်လိုက် စုံတွဲတွေနဲ့ပြည့်နေတယ်။
သူတို့အတွက် လုပ်ပေးထားသလိုပဲ။ ကလေးတွေကို အတုယူမမှားအောင် ခေါ်မသွားသင့်တဲ့နေ ရာလိုဖြစ်နေတော့ ဒါကိုလဲ စည်းကမ်းချက်လေးတစ်ခုတော့ ထားရှိပေးသင့်တယ်''ဟု ယင်းကဆိုသည်။
ကလေးငယ်များနှင့် ကျောင်းသားလူငယ်များအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကျန်းမာရေးကို အထောက် အကူဖြစ်စေရန် အားကစားကွင်းများ ဆောက်လုပ်ပေးထား သည်ဟုဆိုသော်လည်း လက်တွေ့ကျသည့်ဆောင်ရွက်မှုမျိုး မဟုတ်ဘဲ အပေါ်ယံအသွင်သာရှိနေသည်ဟု ပြည်သူများက သုံးသပ်သည်။
''အားကစားကွင်း၊ ပန်းခြံတွေ ဆောက်ပေးနေတယ်သာ ပြောတာ၊
ပိုက်ဆံပေးပြီးကန်နေရတဲ့ ဘောလုံးကွင်းတွေ အများကြီးရှိသေးတယ်။ ရပ်ကွက်တွေထဲမှာတောင် ကန်စရာ ဘောလုံးကွင်းက မရှိသလောက်ဖြစ်နေပြီ။ ကလေးတွေက ဝါသနာပါလွန်းလို့သာ သွားကန်နေကြတာ။ တကယ်ဆို အား ကစားလုပ်တာပဲ ပိုက်ဆံတောင်ပေးစရာမလိုပါဘူး။ ကျန်း မာရေးအတွက် အားကစားလုပ်နေကြတာပဲ။ ပန်းခြံတွေကို ကြည့်ရင်လဲ မရှိဘူးမဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ ဝင်လို့မရ ဘူး။ အပန်းဖြေဖို့တောင်မတွေးနဲ့ မြေပေါက်မှာ ရွှံ့ပေချော် လဲမှာတောင် တော်တော်ဂရုစိုက်နေကြရတယ်။
မပြင်တော့ လဲ လုံးဝမပြင်ဘူး။ ပြင်ပြန်တော့လဲ ကားရပ်နားဝင်းတွေဖြစ် လာတယ်။ ကျွန်တော်တို့နားမှာရှိတဲ့ ကန်သာယာပန်းခြံဆို အကျယ်ကြီး၊ မပြင်တော့လဲ အပြင်ကကြည့်ရင်တောင် ဝင် ချင်စရာမရှိဘူး။ ပြင်တော့လဲ ဘာမှ သေသေချာချာမသိရ ဘူး။ ကားရပ်နားဖို့နေရာလိုလို ဘာလိုလိုနဲ့''ဟု
မြောက်ဥက္က လာပမြို့နယ်တွင်နေထိုင်သူ ကိုကျော်ဇောလင်းကပြောသည်။
လက်ရှိအခြေအနေ၌ လူငယ်များအတွက် ဘောလုံး ကစားရန်ပင် ကစားကွင်းမရှိသည့်အနေအထား ဖြစ်နေပြီး လွတ်လပ်ရေးနေ့တွင်ကျင်းပကြသည့် ရပ်ကွက်အလိုက် အား ကစားပွဲများကိုပင် ရပ်ကွက်များရှိ လမ်းမများပေါ်တွင်သာ ပြုလုပ်နေကြရသည်။
ယင်းကဲ့သို့ ပန်းခြံများ၊ အားကစားကွင်းများကို ဖျက် သိမ်းရခြင်းမှာ အဆိုပါပန်းခြံများသို့ လာရောက်အပန်းဖြေ သူ နည်းပါးခြင်းကြောင့်သာ ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး တချို့ နေရာများတွင် အစားထိုးအနေနှင့် ပန်းခြံများ၊ အားကစား ကွင်းများ ပြန်လည်ပြုလုပ်ပေးထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာန ဒုဌာနမှူး ဦးလှဝင်းအောင်ကပြောသည်။
''ပြည်သူတွေအနေနဲ့ အားကစားကွင်းတွေ ဆုံးရှုံးနေမှု အပေါ်မှာ ကျွန်တော်တို့က နှစ်စဉ်အသုံးမပြုတဲ့ မြေကွက်လပ် အလွတ်တွေ ရှာဖွေပြီးတော့ ပန်းခြံတွေ အားကစားကွင်းတွေ ပြုလုပ်ပေးပါတယ်။ ဥပမာ- တောင်ဥက္ကလာ ၁၄၊၁၅ လမ်း ဆုံမှာရှိတဲ့ ယာဉ်ငယ်ရပ်နားစခန်းမှာဆိုရင်လဲ ဖူဆယ်အား ကစားကွင်းတွေ မြက်ခင်းတုကစားကွင်းတွေ ထည့်သွင်းပေး ထားပါတယ်''ဟု ဦးလှဝင်းအောင်က ဆိုသည်။
ယခုဘဏ္ဍာနှစ်အတွင်း၌လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အသုံးမပြုသည့် စည်ပင်ပိုင်မြေများအား ရှာဖွေ ဖော်ထုတ်၍ တောင်ဥက္ကလာတွင် နှစ်ခု၊ မြောက်ဥက္ကလာတွင် သုံးခု၊ တောင်ဒဂုံတွင် နှစ်ခု၊ ဒဂုံ(အရှေ့)တွင် နှစ်ခု၊ မြောက် ဒဂုံတွင် ငါးခု၊ ရွှေပြည်သာတွင် တစ်ခုနှင့် မင်္ဂလာဒုံမြို့နယ်တွင် တစ်ခု စသည်ဖြင့် အားကစားကွင်း ၁၆ခု ဆောက်လုပ်သွား မည်ဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ပန်းခြံ ၆၃ခုရှိပြီး တစ်မြို့နယ်လျှင် ပျမ်းမျှနှစ်ခုနီးပါးရှိသည်။ အားကစားကွင်း အနေနှင့် ၉၉ခုရှိကာ ပျမ်းမျှ တစ်မြို့နယ် သုံးခုရှိသည်။ သို့ သော် အားကစားကွင်းများအနေနှင့် ပြုပြင်ခြင်းမရှိ၍ အမှန် တကယ် အသုံးပြုနိုင်သည့် အားကစားကွင်း အနည်းငယ် သာရှိနေသည်။
ထို့ကြောင့် အများပြည်သူအနေဖြင့် အနာဂတ်ကလေး ငယ်များ ငြိမ်းချမ်းပျော်ရွင်စွာဆော့ကစားနိုင်ရန်နှင့် ကျန်းမာ ကြံ့ခိုင်ရေးအပြင် ညဏ်ပညာပိုင်းဆိုင်ရာများကိုပါ အထောက် အပံ့ကောင်းဖြစ်စေမည့် စိမ်းလန်းဧရိယာပန်းခြံများနှင့် ကစား ကွင်းများကို ဖော်ထုတ်ပေးရန် အားလုံးက လိုလားတောင်းဆိုနေကြခြင်း ဖြစ်သည်။
ဗိုလ်တထောင်မြို့နယ်၌နေထိုင်သည့် ကိုကျော်မိုးက ''အခုနောက်ပိုင်းရန်ကုန်မြို့ထဲမှာ တိုက်တွေက နေရာယူ လာတော့ သစ်ပင်တွေ ပန်းပင်တွေက တဖြည်းဖြည်းနဲ့ရှားလာ ပြီ။ အဲဒီအတွက် စိမ်းလန်းစိုပြည်တဲ့ပန်းခြံတွေ ပိုမိုလိုအပ် လာပါတယ်။ အားကစားကွင်းတွေအနေနဲ့လဲ အခုနောက်ပိုင်း ကလေးတွေတော်တော်များများက စာပဲသိကြတော့တယ်။ အားကစားဆိုရင်GYM ရုံလောက်ပဲ သတိထားမိကြတယ်။ အားကစားလုပ်ဖို့ နေရာကောင်းကောင်းမရှိတော့တာလဲ ပါပါတယ်။ ရပ်ကွက်တစ်ခုမှာ ပန်းခြံတစ်ခုမရှိရင်တောင် အား ကစားကွင်းလေးတစ်ခုလောက်တော့ ကောင်းကောင်းရှိသင့် ပါတယ်။
ကလေးတွေဆိုတာ နိုင်ငံရဲ့ အနာဂတ်ကြယ်ပွင့်ပါ။ အားကစားကွင်းတွေကို ကားပါကင်တွေ၊ ကွန်ဒိုတွေလုပ်ပစ် မယ့်အစား ကလေးတွေ အားကစားပြုလုပ်နိုင်အောင် ကောင်း ကောင်းမွန်မွန်လေး ပြုလုပ်ပေးသင့်ပါတယ်။ အားကစား စိတ်ဝင်စားတဲ့ကလေးဆိုရင် အားကစားမှာ ထူးချွန်လာနိုင် ပါတယ်။ အားကစားဆိုတာကလဲ ညဏ်ရည်ပိုင်းဆိုင်ရာကိုလဲ အထောက်အကူကောင်းကောင်းပြုပါတယ်''ဟုပြောသည်။
တစ်ချိန်က တိုင်းပြည်အခြေအနေအရ ကရဝိက်၊ မျှော် စင်ကျွန်း စသည့်နေရာများအား ပုဂ္ဂလိက စီးပွားရေးလုပ် ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးခဲ့ရသည် မှန်သော်လည်း ယနေ့အချိန်တွင် ထိုကဲ့သို့ ဆက်ပြီး လုပ်ကိုင်ခွင့်ပြုထားသင့် ပါသလား။ ထို့ပြင် ရန်ကုန်မြို့တွင်းရှိ အများပိုင်(ကစားကွင်း +ပန်းခြံ) များစွာတွင် ဈေးဝယ်စင်တာများနှင့် စားသောက် ဆိုင်ကြီးများကို မည်သူက မည်သည့်အတွက်ကြောင့် ယနေ့ အချိန်ထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုထားပါသနည်း။
ပြည်သူ များအနေဖြင့် သူတို့အတွက် အပန်းဖြေစရာ၊ အနားယူစရာ နှင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်စရာနေရာများကို ပြန်လည်ပိုင်ဆိုင်ခွင့်ရနိုင်ရန် မျှော်လင့်ရင်း တာဝန်ရှိသူများ ကို မေးခွန်းထုတ်လျက်ရှိနေပါတော့သည်။(Photo- Ko Ko Gyi Facebook)
အာကာထက် ၊ ဖြူ သစ်လွင် - Yangon Media Group


မှတ်ချက်များ