ဗိုလ်ချုပ်ပြောတဲ့ ကျောင်းသားဝတ္တရား


လက်ရှိမြန်မာ့ပညာရေးနဲ့ပတ်သက်လို့ ကျောင်းသား ကျောင်း သူတွေ အနေနဲ့ ပညာရည်နို့ကို သောက်ရေခွက်နဲ့ မသောက် ရဘဲ အိုးခြမ်းပဲ့နဲ့သာသောက်နေရတယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဖူးပါတယ်။ ဒါဟာ မြန်မာတိုင်းရင်းသား ပညာ သင်အရွယ် လူငယ်တွေအနေနဲ့ ပညာကို အဆင့်မြင့်မြင့် ပြည့်ပြည့်ဝဝ သင်ယူခွင့်မရကြသေးဘူးလို့ပြောလိုက်တာနဲ့ အတူတူပါပဲ။ အစိုးရ အနေနဲ့ နိုင်ငံတကာအဆင့်မီတဲ့ပညာရေးစနစ်ကို အလျင်အမြန်ပြောင်း လဲကျင့်သုံးဖို့ လိုနေပြီဆိုတာလဲ မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ မှန်ပါတယ်။ ပညာရေးကောင်းမှနိုင်ငံရေးကောင်းပါလိမ့်မယ်။ နိုင်ငံရေး ကောင်းမှလဲ နိုင်ငံတိုးတက်ဖွံ့ဖြိုးမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တော့ မှန်ကန်တဲ့လမ်းကို ရွေးချယ်နိုင်တဲ့ နိုင်ငံသားအများအပြား ပေါ်ထွက်လာဖို့ ဆိုရင် ပညာရေးစနစ်က အရေးကြီးတယ် လို့ ဆိုပါတယ်။ ''ကျောင်းမှာ ဘာစာပဲ သင်သင်၊ အလွတ်ကျက်ဖို့တင် သင်ပေးတာ မဟုတ်ဘဲနဲ့ ဒီစာတွေကို အလွတ်ကျက် ခြင်းအားဖြင့် ကိုယ့်ရဲ့ခေါင်းထဲမှာ ဦးနှောက် ထဲမှာ မှန်မှန်ကန်ကန်တွေးတတ်တဲ့ အရည် အချင်းတွေဖြစ်ပွားလာအောင် သင်ပေး တာဖြစ်ရမယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ အရေးကြီးတယ်။ ဘာ အတွက် အရေးကြီးလဲဆိုတော့ မှန်ကန်တဲ့ လမ်းကို ရွေးချယ်တတ်တဲ့ နိုင်ငံသူနိုင်ငံသား အများအပြား ပေါ်ထွက်လာဖို့အတွက် အရေး ကြီးတာဖြစ်တယ်။ အခု ဘိုးဘိုးအောင် ဆန်းရဲ့ အသက် ၁ဝဝ ပြည့်တဲ့ မွေးနေ့မှာ ဘယ်နှယောက်က မေတ္တာနဲ့ ကျေးဇူးတင် တဲ့စိတ်နဲ့ သတိရကြမလဲဆိုတာကို စဉ်းစား ကြ။ ကိုယ်ဟာ အများအကျိုးဆောင်သရွေ့၊ ဆောင်နိုင်သရွေ့ သတိရကြမှာပဲ၊ ကျေးဇူးတင်ကြမှာပဲ''လို့ ဒေါ်အောင် ဆန်းစုကြည်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ရက် မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝပြည့်အထိမ်း အမှတ် ဆွမ်းကပ်လှူဒါန်းပြီး ကျောင်းသူ၊ ကျောင်းသားငယ်လေးတွေနဲ့ တွေ့ဆုံရာမှာ ခုလိုပြောခဲ့တာဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ်ဆိုတာ အုပ်ချုပ်သူ တွေရဲ့ လိုအင်ဆန္ဒအရ အမျိုးမျိုး ရှိတတ်တာပါ။ ဗြိတိသျှလက်အောက် မြန်မာပြည်မှာ ကိုလိုနီပညာရေး၊ လမ်းစဉ်ပါတီခေတ်မှာ ဆိုရှယ်လစ် ပညာရေး၊ နအဖ၊ နဝတအစိုးရတွေလက်ထက်မှာ ကျောင်းသားတွေ တစ်စုတစ်စည်းတည်း မရှိစေတဲ့ နိုင်ငံရေးနွှယ်ပညာရေး စသဖြင့်ရှိခဲ့တာ ကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါပေမဲ့ ကျောင်းသားကျောင်းသူတွေကတော့ သူတို့သင်ယူနေတဲ့ ပညာရေးဟာ ဘယ်လိုအမျိုးအစားလဲ။ အချိန်တွေ ကုန်၊ ဘွဲ့ တစ်ခုခုသာရလာတယ်၊ တကယ်တတ်မြောက်ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်တဲ့ ပညာရေးလားဆိုတာ ခေတ်အလိုက် သုံးသပ်ခဲ့ကြတယ်။ မကြိုက်ရင် မကြိုက်ကြောင်း ထုတ်ဖော်ပြီး လှုပ်ရှားမှုတွေ ပြုကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က သိကြတဲ့အတိုင်း ကိုလိုနီပညာ ရေးပါ။ ကိုလိုနီအစိုးရဆိုတော့ သူတို့အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု မှာ အထောက်အကူဖြစ်စေမယ့် ပညာရေးစနစ်ချခဲ့တာလဲ ဆန်းတယ်လို့ တော့ မဆိုသာဘူး။ ဒါပေမဲ့ ကျောင်းသားတွေက သူတို့ တာဝန်ရှိတဲ့ အတိုင်း၊ ကိုလိုနီပညာရေးစနစ်ကို ဆန့်ကျင်ခဲ့ကြတာပါပဲ။ ဗိုလ်ချုပ် အောင်ဆန်းကတော့ ကျောင်းသားမှာလဲ ကျောင်းသားဝတ္တရားရှိတယ်လို့ အတိအလင်း ခံယူခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက ''ကျောင်းသားဝတ္တရား''ဆိုတဲ့ ဆောင်းပါးမှာ ထည့်သွင်းရေးသားခဲ့တာကို ကြည့်ပါ။

''အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှသာတည်း''ဟုြ>ွမက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံအတွင်း လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခန်းကို ကိုယ် တိုင်တတ်နိုင်အောင် ခင်းသွားရလေသည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏အလုပ်ဝတ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရားကို ကျေပွန်မှသာလျှင် လောက၌ လူဖြစ်ကျိုး နပ်ပေမည်။ ကမ္ဘာ၏နောက်ခေတ်အမွေခံဖြစ်ကြသော ကျွန် တော်တို့ ကျောင်းသားတို့မှာလည်း အထူးသဖြင့် အသက် ၁၆နှစ်၊ ၁၇နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါဝတ္တရား ဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ ဖြစ်လျှင် ကျောင်းသား၏ ဝတ္တရား ကား အဘယ်နည်း။

အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသားဆိုသည်မှာ အတန်း စာ ကျက်၍၊ စာမေးပွဲအောင်ရုံမျှဟူသော အများအယူအဆ၏ တိမ်ခြင်းအဖြစ်ကို သိရှိ ကြလေသည်။ ထိုအယူအဆကား ခေတ် အောက်ကျသည့် အယူမျှသာဖြစ်ပေသည်။ ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာ ရှိတို့သည် လောကအရေး၊ ဓမ္မအရေး ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန် ဖြေရှင်း တတ်သောပညာမှ စာအုပ်စာပေကို အံ၍ ရသော အမှတ်သညာနှစ်ရပ်ကို ခွဲခြား၍ ထားလေသည်။ စာမေးပွဲကို အောင်မြင်သူ သည် လောကစစ်ပွဲတွင်လည်း အောင်မြင် နိုင်သည့် အရည်အချင်းရှိသည်ဟု မုချ ဆက်ဆက် မဆိုသာချေ။

ပညာစစ်ကိုရရန် လွတ်လပ်စွာ တွေး တော ပြောဆိုဆွေးနွေးလုပ်ကိုင်လိုသော စိတ်ကို မွေးရန်လို၏။ ဤအချက်ကို ပညာရေး ကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ကြ၏။ ...ထိုလွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေး လုပ်ကိုင်လိုသော စိတ်ရှိရမည်ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေး တောပြောဆိုလုပ်ကိုင်ခြင်းမဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းထဲရှိ ဖားသူငယ်ကဲ့သို့နေ၍ မဖြစ်ပေ။ တစ်ဦးနှင့်တစ်ဦး ကူးလူး ဆက်ဆံရလေသည်။...ထို့ကြောင့် ကူးလူးဆက်ဆံ အမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ် ကျောင်းစားထားခြင်း၊ အသင်းအပင်းများ ထောင်ခြင်းစသည်တို့ကို ပြုရလေသည်။ သို့ရာတွင် အပေါင်းအသင်းသမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရ၊ မဆိုရ၊ မလုပ်ရ၊ မဆွေးနွေးရလျှင် မျက်စိပိတ်ထားသည်နှင့် တူပြန် သည်။ သို့ဖြစ်ရာ နှစ်ဖက်နှစ်ချက်စုမှ ပညာရေး အစစ်မည်လေသည်။''

ဒီရေးသားချက်တွေဟာ ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုအောင်ဆန်း ရဲ့ ကျောင်းသားတစ်ဦးခံယူထားရမယ့် ဝတ္တရားတွေကို ဆက်စပ် ပြောဆိုခဲ့တာဖြစ်ပါတယ်။ မှန်ကန်ဖြောင့်မတ်တဲ့ စိတ်ဓာတ်၊ ကျိုးကြောင်း ဆင်ခြင်မှု Óဏ်ရှိမှုတွေဟာ လူငယ်ကျောင်းသားတွေအတွက် အခြေခံ ကောင်းတွေဖြစ်တယ်ဆိုတာလည်း ဗိုလ်ချုပ်က လမ်းညွှန်ပေးခဲ့တာပါ။ ဘာကြောင့် ကျောင်းသားဝတ္တရားတွေ အရေးကြီးရသလဲလို့မေးရင် အဖြေက တစ်ခုတည်း ရှိပါတယ်။ ယနေ့ဖြစ်တဲ့ ကျောင်းသားတွေဟာ နက်ဖြန် ပြည်ကြီးသားတွေ သေချာပေါက်ဖြစ်လာမှာကြောင့်ပါ။ ဒါကြောင့် ပြည်ကြီး သားတွေရဲ့ အင်္ဂါလက္ခဏာတို့နဲ့ညီတဲ့ အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေဝပ်နည်း၊ ကိုယ်လက် ကျန်းမာရေးစသဖြင့် အမျိုးမျိုးစုံအောင် အသင်းအပင်းတွေ၊ ကစားနည်းတွေကို ထွင်ကြရမှာဖြစ်တယ်လို့ကျောင်း သားကိုအောင်ဆန်းက တိုက်တွန်းခဲ့တာပါ။

လူငယ်ကျောင်းသားတွေကို ဒီလိုအဘက်ဘက်က စွမ်းရည်ပြည့်ဝနေ အောင် ကြိုးပမ်းကြဖို့ ဗိုလ်ချုပ်အောင်ဆန်းပြောနေရခြင်းဟာ သူ့ခေတ် သူ့အခါက အခြေအနေတွေကိုကြည့်ပြီး သုံးသပ်တယ်ဆိုတာ ထင်ရှား ပါတယ်။ ကျောင်းသား ကိုအောင်ဆန်းက သူကိုယ်တိုင်ရေးတဲ့ ''ကျောင်းသား ဝတ္တရား''ဆောင်းပါးနိဂုံးကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။

''...ဤသို့ ပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရားအားလုံးကို သိသည် နှင့်အညီ နောင်ခေတ်ဗမာပြည်ကိုဖန်တီးမည့် ကျောင်းသားများသည် ယခု လူများကဲ့သို့ မညီမညွတ်၊ မလုပ်တတ် မကိုင်တတ် မဖြစ်ရအောင် ကျွန်ုပ်တို့ ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းကြီးကို အထင် အရှား တည်ထောင်ထား၏။ ထိုအသင်းကို ဝင်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်းတို့၏ တာဝန်ဝတ္တရား ပင်တည်း။''

ကျောင်းသားကိုအောင်ဆန်းဟာ သူ့ဆောင်းပါးထဲမှာ ရေးသားထားတဲ့ အတိုင်း၊ သူကိုယ်တိုင်လည်း လက်တွေ့ ပါဝင်ဆောင်ရွက်ပါတယ်။ ကမ္ဘာ့ အခြေအနေကိုလည်း မျက်ခြည်မပြတ်လေ့လာမှတ်သားပါတယ်။ ကျောင်း သားသမဂ္ဂထဲ ဝင်ရောက်ပြီး တိုင်းပြည်လွတ်လပ်ရေးရတဲ့အထိ စွမ်းစွမ်း တမံ ဆောင်ရွက်သွားသူလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားဝတ္တရား ကျေပွန်ခဲ့တယ်ဆိုတာတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ ။

မောင်ဆွေဝင်း (ပဲခူး) - ‪‎DemocracyToday‬

မှတ်ချက်များ