ကမ္ဘာလှည့်တွေ သိပ်လာလို့ ဘာစီလိုနာ မြို့ခံတွေ စိတ်ပျက်နေ
လူဦးရေ (၁ ဒသမ ၆ ) သန်းသာရှိသော ဘာစီလိုနာမြို့သို့ တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသည် ခုနစ်သန်းနီးပါး လာရောက်နေသဖြင့် ကမ္ဘာလှည့်ခရီးသည်များနဲ့ ပြည့်ကျပ်နေသော အဖြစ်ကို စပိန်နိုင်ငံက ဘာစီလိုနာ မြို့ခံများ စိတ်ပျက်နေကြသည်။
မကြာသေးခင်က ကောက်ထားသော စစ်တမ်းတစ်ရပ်အရ ကမ္ဘာလှည့် ခရီးသည်များ ပြွတ်သိပ်နေသော အရေးသည် ဆင်းရဲခြင်းထက်ပင် ပိုပြီး မြို့ခံများကို စိတ်ဒုက္ခပေးချေသေး၏ဟု မြို့ခံများက သဘောထားစစ်တမ်းတွင် ဖော်ပြကြသည်။ ဘာစီလိုနာ မြို့တော်ဝန်ရုံးက ကောက်ယူသော စစ်တမ်းတွင် ဖြေဆိုသူ (၅ ဒသမ ၃) ရာခိုင်နှုန်းထိက ဘာစီလိုနာမြို့အတွက် အဓိက ပြဿနာမှာ ကမ္ဘာလှည့်ခရီးသည်တွေ သိပ်များလွန်းနေသည့် ကိစ္စဖြစ်သည်ဟု ဆိုလိုက်ကြသည်။ ဆင်းရဲမွဲတေမှုက အဓိက ပြဿနာဟု ဆိုသူကပင် (၅ ဒသမ ၁) ရာခိုင်နှုန်းသာ ရှိသည်။
အလုပ်လက်မဲ့နှင့် အလုပ်ခွင် အခြေအနေ ဆိုးရွားမှုသည် အဓိက ပြဿနာဟု (၃၁ ဒသမ ၉)ရာခိုင်နှုန်းက သဘောထားပေးကာ ထိပ်ဆုံးပြဿနာအဖြစ် ရပ်တည်သည်။ ယာဉ်ကြောပိတ်မှုဟု ဆိုသူက (၅ ဒသမ ၅) ရာခိုင်နှုန်း ရှိသည်။
ပြီးခဲ့သည့် နွေရာသီတုန်းက မြို့ခံများ လမ်းပေါ်ထွက်ကာ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု လျှော့ချကန့်သတ်ဖို့ထိ တောင်းဆိုခဲ့ကြသည် အထိ ဖြစ်သည်။ ဘာစီလိုနာ မြို့တော်ဝန် အဒါကိုလူကလည်း ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုကို ထိန်းချုပ်ကန့်သတ်ဖို့ အစီအစဉ် ရေးဆွဲမည်ဟု ကတိပေးထားသည်။ ကမ္ဘာလှည့်ခရီးသည်များ အတွက်လည်း အဆင်ပြေ၊ မြို့ခံများအတွက်လည်း အဆင်ပြေအောင် စီစဉ်မည်ဟု သိရသည်။
ဦးဆုံး အစီအစဉ်အဖြစ် ကမ္ဘာလှည့် ခရီးသည်များ တည်းခိုနိုင်မည့် နေရာသစ်များ လိုင်စင်ချထားပေးမှုကို တစ်နှစ် ရပ်ထားလိုက်သည်။ ထို့အပြင် သမိုင်းဝင် လာဘိုချာရီဈေးသို့ သောကြာ၊ စနေ လူစည်ကားချိန်တွင် ကမ္ဘာလှည့်များ မ၀င်ရဟု ကန့်သတ်လိုက်သည်။ ထိုရက်များသည် မြို့ခံများ ဈေးဝယ်ကြသည့် အချိန်ဖြစ်သောကြောင့် ကမ္ဘာလှည့်များနှင့်ပါရောပြီး ဈေးထဲတွင် စုပြုံကျပ်တိုးနေရသဖြင့် မြို့ခံများ စိတ်ပျက်နေကြသည်။
ကမ္ဘာလှည့်တွေ ၀င်ရောက်မှု များသဖြင့် ကမ္ဘာလှည့်များကို စွဲဆောင်နိုင်သော ဆိုင်များသာ အဓိကထား ဖွင့်လှစ်လာကြသဖြင့် မြို့၏ ကိုယ်ပိုင်ရုပ်သွင် ပျက်စီးမည့် အန္တရာယ်ကိုလည်း မြို့ခံများက ထောက်ပြ ဝေဖန်လျက် ရှိသည်။ ဥရောပတွင် လန်ဒန်နှင့် ပါရီပြီးလျှင် ဘာစီလိုနာသည် တတိယမြောက် ကမ္ဘာလှည့်ခရီးသည် အ၀င်ဆုံးမြို့ ဖြစ်သည်။ မြို့စီးပွားရေး (၁၄) ရာခိုင်နှုန်းသည် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းပေါ် မူတည်နေသည်။
messenger

မှတ်ချက်များ