နယ်ပေါင်းစုံမှ လာရောက်ကာ ရန်ကုန်ဘူတာကြီးအနီး စားသောက်ဆိုင်များတွင် အချိန်အခါမဲ့ စားသောက် ကာ လမ်းဘေး အိပ်စက်ခြင်း၊ အလှူခံခြင်းများ ပြုလုပ်နေသော ရဟန်းအယောင်ဆောင်သူ ၁၀ ဦးကို ဒီဇင် ဘာလ ၈ ရက် ည ၈ နာရီ ၃၀ မိနစ်က ဖမ်းဆီးအရေးယူခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် သံဃနာယ က အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဖမ်းဆီးအရေးယူခဲ့သူ များတွင် ဝါတော် ၂၀ ကျော်အထိ ရှိသော ရဟန်းတော်များလည်း ပါဝင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ ကျောင်းတိုက်များမှ ရဟန်းများ ဖြစ်ကြောင်း၊ ရန်ကုန်ဘူတာကြီး ပန်းခြံအနီး တစ်ဝိုက်တွင် နေထိုင်ကာ ဈေးကြိုဈေးကြားနှင့် စားသောက်ဆိုင်များထံတွင် လှည့်လည်အလှူခံ၍ ညအချိန် စားသောက်ဆိုင်များတွင် အရက်သေစာများ သောက်စားနေသည်ဟု သတင်းရရှိမှုကြောင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်ရဲမှူး သိန်းအောင် က ပြောကြားသည်။
“ဝင်ဖမ်းတုန်းက ရဟန်း ၁၅ ပါး ကျော်တယ်။ ဒါပေမယ့် စစ်ဆေးလိုက်တော့ တချို့ကိုယ်တော်တွေက ရထားလက်မှတ် စောင့်ရင်း ဘူတာမှာ ခဏသီတင်းသုံးနေတဲ့ ရဟန်းအစစ်တွေ၊ အခုမိတဲ့သူတွေက သင်္ကန်းအရေခြုံပြီး လိမ်ညာ တောင်းစားနေသူတွေ” ဟု ၎င်းက ရှင်းပြသည်။
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ညွှန်ကြားလွှာ ထုတ်ပြန်ချက်များတွင် နေ့လွဲညစာ စားသောက်မှု ၊ ဈေးကြိုဈေးကြား ဝင်ရောက်အလှူခံမှု၊ မူးယစ်သေစာ သောက်စားမှုများအပြင် စည်းကမ်းချက် ၁၃ ချက်
ဖြင့် မညီညွတ်ပါက သာသနာညှိုးနွမ်းမှုဖြင့် အရေးယူနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဘုန်း ကြီးကျောင်းပေါင်း ၁၀,၀၀၀ ကျော်မှ ရဟန်း၊ သာမဏေနှင့် သီလရှင်များကို စည်းကမ်းချက်များဖြင့် မညီ ညွတ်သည်ကို တွေ့ရှိပါက အရေးယူရန် သက်ဆိုင်ရာ မြို့နယ်သံဃနာယက အဖွဲ့များထံသို့ ညွှန်ကြား ထားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် သံဃနာယက အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“ဘူတာကြီးမှာက ရဟန်းအယောင် ဆောင်ပြီး လုပ်စားနေသူတွေ အမြဲရှိတယ်။ ဒီလိုပုဂ္ဂိုလ်တွေကြောင့် တကယ့် ရဟန်းဝိနည်းနဲ့အညီ နေထိုင်တဲ့ ကိုယ်တော်တွေ အပေါ်ပါ အထင်လွဲမှားပြီး အကြည်ညိုပျက် ခံရတာမျိုးတွေ နောက်ပိုင်း ဖြစ်လာနိုင်လို့ ရဟန်း အယောင်ဆောင်တွေကို ထိရောက်စွာ ရှင်းလင်းစေချင် တယ်” ဟု သိမ်ဖြူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အဆိုပါ ဘူတာကြီးဝင်း အတွင်းမှ ဖမ်းဆီးခဲ့သော ရဟန်းအယောင်ဆောင်ထားသူ ၁၀ ဦးကို ဒီဇင်ဘာလ ၉ ရက်နေ့က မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ (ပ) ၇၁၅/၁၄၊ ပုဒ်မ ၂၉၅/ ၂၉၅ (က) ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။
The Voice

မှတ်ချက်များ