ကားတိုက်ခံရပြီးနောက် ပြုစုစောင့်ရှောက်ခဲ့သူဆီကို ပြန်လာဖို့ မိုင် ၂၀၀ လမ်းလျှောက်ခဲ့တဲ့ခွေး
အခုအဖြစ်အပျက်ရဲ့အစကတော့ ရှာဗီလို့အမည်ပေးထားတဲ့ခွေးတစ်ကောင်ဟာ ရုရှားတောင်ပိုင်း ရော့စတော့ဗ်အိုဘလတ်စ်နယ်မြေမှာ ကားတိုက်ခံရပြီး လမ်းဘေးမှာပစ်ထားခံခဲ့ရတဲ့ ပြီးခဲ့တဲ့ ဆောင်းတွင်းက စခဲ့ပါတယ်။
ရှာဗီကိုတိုက်တဲ့ ကားသမားဟာ ဒီအတိုင်းပစ်ထားခဲ့တာကြောင့် ရှေ့ခြေ ၂ ချောင်းကျိုးသွားတဲ့ သူဟာ လမ်းဘေးမှာ ခွေးလေခွေးလွင့်ဘ၀ဖြစ်နေပြီး အေးစက်တဲ့ ရုရှားဆောင်းကြောင့် အအေးဒဏ်ကိုလည်း အလူးအလဲခံခဲ့ရပါတယ်။
ဒါပေမဲ့ လမ်းသွားလမ်းလာ ၂ ယောက်က သူ့ကို မြင်သွားပြီး စောင့်ရှောက်မယ့်သူရှိမလားလို့ အွန်လိုင်းပေါ်တင်လိုက်တာက ကံကောင်းသွားခဲ့ပြီး အဲဒီလိုစောင့်ရှောက်မယ့်သူရှိတယ်လို့ အကြောင်းပြန်ခဲ့တာက အသက် ၂၆ နှစ်အရွယ် နီနာတစ်ယောက်ပဲရှိခဲ့ပါတယ်။
သူဟာ ရှာဗီ့ကို လာခေါ်ပြီး ခြေထောက်ကိုခွဲစိတ်ကုသပေးသလို သူ့တိုက်ခန်းကျဉ်းလေးကိုခေါ်သွားကာ သူ့သမီးငယ်၊ တခြားအိမ်မွေးတိရစ္ဆာန်တွေနဲ့အတူ ကျွေးမွေးပြုစုထားခဲ့ပါတယ်။
ပြီးတော့ ရှာဗီ့ကိုလမ်းလျှောက်တတ်အောင် ပြန်သင်ပေးပြီး ကားတိုက်ခံရလို့ ကားမြင်တိုင်း၊ လူစိမ်းမြင်တိုင်းကြောက်တတ်တဲ့ စိတ်ဒဏ်ရာရသွားတာကိုလည်း ပြေပျောက်အောင် ကြိုးပမ်းပေးခဲ့ပါတယ်။
ဒါပေမဲ့ တိုက်ခန်းကျဉ်းလေးရယ် မိသားစုရယ်ကြောင့် ရှာဗီ့ကို ရေရှည်မစောင့်ရှောက်နိုင်တဲ့ နီနာဟာ ၁၈၅ မိုင်အကွာက သူ့သူငယ်ချင်းတွေဆီကို သွားရောက်နေထိုင်ဖို့ ထည့်ပေးလိုက်ပါတော့တယ်။
ဒါပေမဲ့ ရက်ပိုင်းအကြာမှာ ရှာဗီပျောက်သွားပြီး နီနာ့သူငယ်ချင်းတွေကလည်း အလန့်တကြားဖုန်းဆက်လာခဲ့ပေမယ့် ရှာဗီကတော့ ပြန်ပေါ်မလာတဲ့အတွက် အရမ်းစိတ်ပူစရာဖြစ်ခဲ့ပါတယ်။
တစ်ရက်မှာတော့ လမ်းလျှောက်လာတဲ့ နီနာဟာ သူ့ခြေထောက်ကို တစ်ခုခုက လာထိသလိုခံစားမိလို့ ကြည့်လိုက်တဲ့အချိန်မှာ ရှာဗီဖြစ်နေတာကိုတွေ့လိုက်ရလို့ ရှာဗီဟာ သူမရင်းနှီးတဲ့နယ်မြေကနေ နီနာနဲ့ပြန်တွေ့ရဖို့ မိုင် ၂၀၀ နီးပါးခရီးကို လမ်းလျှောက်ပြန်လာတာ သဘောပေါက်လိုက်ရပြီး သူ့မျက်ဝန်းမှာလည်း မျက်ရည်တွေပြည့်သွားခဲ့ပါတယ်။
ဒါပေမဲ့ နီနာကတော့ ဒီတစ်ကြိမ်မှာ ရှီဗာနဲ့ခွဲရအောင် ထပ်မလုပ်တော့ဘဲ အတူတူနေရဖို့ တိုက်ခန်းကျယ်ကျယ်ရှာနေတယ်လို့ သိရပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)



မှတ်ချက်များ