ဗုဒၶဘာသာဝင္တိုင္း သိသင့္တဲ့ မေပးလႉေကာင္းေသာ အလႉ (၁၀) မ်ိဳး
Zawgyi ျဖင့္ဖတ္ရန္
အလႉဒါနျပဳျခင္းသည္ ကုသိုလ္ရရန္ျဖစ္၏။ အလႉပြဲ၌ ၾကက္၊ ဝက္၊ ႏြားမ်ားကို သတ္၍ ေကြၽးေမြးျခင္းျဖင့္ ကုသိုလ္တစ္ပဲ ငရဲတစ္ပိႆာ ျဖစ္ရ၏။ အလႉရွင္သည္ ပင့္သံဃာ၊ ဖိတ္ထားေသာ ပရိသတ္အတြက္ ေလာက္ေလာက္ငင ျဖစ္ေစရန္ ၾကက္က ဘယ္ႏွစ္ေကာင္၊ ဝက္က ဘယ္ႏွစ္ေကာင္ သတ္၍ ေကြၽးရမည္ဟု စိတ္ကိုျဖစ္ေစ၏။
မလႉမီကပင္ မေနာကံ အကုသိုလ္မ်ား ျဖစ္ေနသည္။ တစ္ဖန္ အလႉပြဲေရာက္ေသာအခါ သတၱဝါမ်ားကို မိမိကိုယ္တိုင္ မသတ္ေစကာမူ သင့္ေတာ္မည့္ ပုဂၢိဳလ္မ်ားကို သတ္ရန္ ေျပာဆိုေစခိုင္း ရျပန္သည္။ ထိုအခါ ဝစီကံ အကုသိုလ္က ျဖစ္ရျပန္သည္။
တစ္ဖန္ ဟင္းလ်ာမ်ား ရရွိေရးအတြက္ ေရွးဦးစြာ ကိုယ္တိုင္ အားထုတ္ရ၏။ ၾကက္၊ ဝက္ ရႏိုင္သည့္ေနရာသို႔ သြားရ၏။ အေရာင္းအဝယ္ကိစၥ ေဆာင္႐ြတ္ရ၏။ တန္ဖိုးကို ေပးေခ်ရ၏။ ထိုအခါ ကာယကံ အကုသိုလ္ ျဖစ္ေတာ့၏။
အလႉရွင္သည္ ေကာင္းမႈျပဳမည္ဟု ႏွလုံးသြင္းကာ မေကာင္းမႈကို ျပဳဘိ၏။ ကုသိုလ္ျပဳအံ့ဟူ၍ အကုသိုလ္ကို ျပဳေန၏။ သုဂတိလမ္းေၾကာင္းကို ရွာမည္ဟု ႀကံစည္လွ်က္ ဒုဂၢတိလမ္းေၾကာင္းကို ရွာမွီးေနဘိ၏။
သတိထားဖြယ္ မေပးလႉေကာင္းေသာ အလႉ (၁၀) မ်ိဳး
ေပးကမ္းလႉဒါန္းမႈျပဳေသာ္လည္း ဒါနဟု မေခၚရ။ အဒါနဟုသာ ေခၚရသည့္ ေပးကမ္းမႈ (၁၀) မ်ိဳးကို မိလိႏၵပဥွာပါဠိေတာ္ (ေဝႆႏၲရပဥွာ) ၌ ေဟာၾကားေတာ္မူသည့္အတိုင္း ေဖာ္ျပပါမည္။ ထိုမေပးလႉေကာင္းေသာ အလႉ (၁၀) မ်ိဳးမွာ
၁။ မူးယစ္ေစတတ္ေသာ ေသရည္ေသရက္ စေသာ အရာမ်ားကို ေပးလႉျခင္း= မဇၨဒါန။
၂။ ပြဲလမ္းသဘင္ စသည္တို႔ကို ေပးလႉျခင္း= သမဇၨဒါန။
၃။ ေမထုန္မွီဝဲမႈျပဳရန္ အမ-သတၱဝါမ်ားကို ေပးလႉျခင္း= ဣတၳိဒါန
၄။ ေမထုန္မွီဝဲေစရန္ ႏြားလားဥသဘ စသည္ကို ေပးလႉျခင္း= ဥသဘဒါန။
၅။ ကာမဂုဏ္စိတ္ကို ထႂကြ ပြားမ်ားေစတတ္ေသာ ပန္းခ်ီကား အ႐ုပ္ စသည္ကို ေပးလႉျခင္း= စိတၱကမၼဒါန။
၆။ တုတ္ ဓား ေသနတ္စေသာ လက္နက္မ်ားကို ေပးလႉျခင္း= သတၱဒါန။
၇။ အဆိပ္ကို ေပးလႉျခင္း= ဝိသဒါန။
၈။ လက္ထိပ္၊ သံေျခက်ဥ္း စသည္ကို ေပးလႉျခင္း= သခၤလိကဒါန။
၉။ သတ္ျဖတ္ စားေသာက္ရန္ ၾကက္ ဝက္ စသသည္ကို ေပးလႉျခင္း= ကုကၠဳဋသူကရဒါန။
၁၀။ မမွန္ကန္ေသာ ခ်ိန္ခြင္-အေလး တင္းေတာင္းႀကိဳး စသည္ကို ေပးလႉျခင္း= တုလာကူဋဒါနတို႔ ျဖစ္ပါသည္။
ထိုအလႉ (၁၀) မ်ိဳးတို႔တြင္ တစ္မ်ိဳးမ်ိဳးကို ေပးလႉလွ်င္ ဒါနကုသိုလ္ မျဖစ္သည့္အျပင္ အကုသိုလ္တရား ျဖစ္ပြား၍ အပါယ္သို႔ပင္ က်ေရာက္ႏိုင္ေၾကာင္း မိလိႏၵပဥွာပါဠိေတာ္၌ ေဟာၾကားေတာ္မူထား၏။
ဝိနည္းငါးက်မ္းတြင္ တစ္က်မ္းအျဖစ္ပါဝင္ေသာ ပရိဝါပါဠိေတာ္၌လည္း “လူ႔ေလာကတြင္ မေကာင္းမႈ အကုသိုလ္သာ ျဖစ္ပါလ်က္ လူမိုက္မ်ားက ကုသိုလ္ဟု ေခၚေဝၚေနၾကသည့္ အလႉတို႔မွာ ငါးမ်ိဳးရွိ၏။
ထိုငါးမ်ိဳးမွာ
(၁) ေသရည္ ေသရက္ အလႉဟူေသာ မဇၨဒါန၊
(၂) သဘင္အလႉဟူေသာ သမဇၨဒါန၊
(၃) မိန္းမအလႉဟူေသာ ဣတၳိဒါန၊
(၄) ႏြားလားဥသဘ အလႉဟူေသာ ဥသဘဒါန၊
(၅) ကိေလသာပြားေၾကာင္း ပန္းခ်ီေဆးေရး႐ုပ္ အလႉ ဟူေသာ စိတၱကမၼဒါနတို႔ ျဖစ္၏” ဟု ေဟာ္ၾကားထား၏။
“သူတစ္ပါးတို႔ ေသာက္စားရန္ လႉေသာ ယစ္မ်ိဳးအလႉ၊ သူတစ္ပါးတို႔ ၾကည့္ရႈေပ်ာ္ပါးေစ။ ရန္လႉေသာ ပြဲသဘင္အလႉ၊ အမ်ိဳးသားမ်ား ေမထုန္မွီဝဲရန္ လႉေသာ မိန္းမအလႉ၊ ႏြားမကို သေႏၶရေအာင္ လႉေသာ ႏြားလားဥသဘအလႉ၊ ကိေလသာပြားရန္ ေရးဆြဲထုလုပ္ ထားေသာ ပန္းခ်ီေဆးေရး႐ုပ္ဟူေသာ အလႉငါးမ်ိဳးတို႔မွာ တဏွာရာဂ ပြားေၾကာင္း အစစ္ဧကန္ျဖစ္ေသာေၾကာင့္ ကုသိုလ္မျဖစ္၊ အကုသိုလ္ျဖစ္ေသာ အလႉတို႔သာျဖစ္၏။” ဟု ပရိဝါအ႒ကထာ၌ မိန႔္ဆိုထား၏။
သို႔ရာတြင္ ဝိနည္းမဟာဝါပါဠိေတာ္၌ ရဟန္းေတာ္တို႔အား အရက္ကို လိမ္းက်ံရေသာ နယ္ဆီအျဖစ္ အသုံးျပဳခြင့္ ေပးထားေသာေၾကာင့္ အရက္ေသာက္သုံးရန္ မဟုတ္ဘဲ လိမ္းေဆးအျဖစ္ အသုံးျပဳရန္ လႉေကာင္း၏။ လႉလွ်င္ ကုသိုလ္ျဖစ္၏။ အမ်ိဳးသမီးတို႔အား အရာမ္ေစာင့္အျဖစ္ အလႉခံခြင့္ျပဳထားေသာ ေၾကာင့္ အမ်ိဳးသမီးမ်ားကို အရာမ္ေစာင့္အတြက္ လႉေကာင္း၏။ လႉလွ်င္ ကုသိုလ္ျဖစ္၏။
ႏြားလား ဥႆဘကို ေသနာသနအလို႔ငွာ ေက်ာင္းအား လႉဒါန္းေကာင္း၏။ လႉလွ်င္ကုသိုလ္ျဖစ္၏။ ပရိဝါအဌကထာ၌ “ဇရပ္ တန္ေဆာင္း၊ ဂူ၊ ေက်ာင္း၊ ျပႆဒ္၊ မ႑ပ္ စသည္တို႔၌ ငရဲခန္း၊ ဘုံခန္း၊ ေတာထြက္ခန္း၊ ပန္းခ်ီ၊ ပန္းပု၊ ေရးထုျခင္းကို ျပဳျခင္းငွာအပ္၏” ဟု မိန႔္ဆိုထားေသာေၾကာင့္ ကိေလသာစိတ္မ်ား မျဖစ္ပြားေစတတ္သည့္ ပန္းခ်ီကား၊ ပန္းပု႐ုပ္တို႔ကို ေပးလႉေကာင္း၏။ လႉလွ်င္ကုသိုလ္ျဖစ္၏။
သမဇၨဒါနအရာ၌ ယခုကာလကဲ့သို႔ ပြဲသဘင္မ်ား ငွား၍ ပူေဇာ္ျခင္းမ်ိဳးကို မည္သည့္နည္းႏွင့္မွ် မျပဳေကာင္း၊ ပထမေ႐ႊက်င္ဆရာေတာ္ဘုရားႀကီးက “အလႉေပးရာ၊ ပြဲထည့္ပါ၊ တိုက္တြန္းလာ၊ သူမိုက္တစ္ေယာက္ လူမိုက္စကား၊ နားေယာင္မွား၊ ပြဲငွားအလႉရွင္ သူမိုက္တစ္ေယာက္၊” စသည့္ ပြဲသဘင္အလႉႏွင့္စပ္၍ လူမိုက္ဟူေသာ အသုံးအႏႈန္းျဖင့္ မိန႔္ဆိုထား၏။
သို႔ရာတြင္ “အပ်က္အေခ်ာ္၊ အသေရာ္၊ အေလာ္မာ၊ ဒုစ႐ိုက္မပါဘဲ၊ ပလလဲေတာ၌ ပ်ားလႉေသာ ေမ်ာက္ကဲ့သို႔ျဖစ္ေစ၊ ဝ႐ုဏနတ္မင္းကဲ့သို႔ျဖစ္ေစ မိမိ၏ အလႉတြင္ ဝမ္းေျမာက္ၾကည္႐ုံ သဒၶါဟုန္ျဖင့္ ကိုယ္တိုင္ကခုန္၍ ရတနာသုံးပါးအား ပူေဇာ္ေကာင္း၏။ ပူေဇာ္လွ်င္ ကုသိုလ္ျဖစ္၏” ဟု ဆုံးျဖတ္ထားေပသည္။
ထို႔ျပင္ အဆင္းလွပေသာ မိန္းမေယာက်္ားတို႔သည္ ႐ူပဒါနျဖစ္ေစရန္ အၾကည့္ရႈခံ၍ အဆင္းကိုလႉအံ့၊ သဒၵဒါနျဖစ္ေစရန္ သီခ်င္းသီဆို၍ အသံကို လႉအံ့၊ ဂႏၶဒါနျဖစ္ေစရန္ အနမ္းအရႈခံ၍ အနံ႔ကို လႉအံ့။ ေဖာ႒ဗၺဒါနျဖစ္ေစရန္ အေမြ႕အပိုက္ကိုခံ၍ အေတြ႕ကိုလႉအံ့။ ဤအလုံးစုံသည္ ကုသိုလ္မျဖစ္၊ အကုသိုလ္သာျဖစ္သည္။ ကုသိုလ္ေဇာမေစာ၊ အမိုက္ေဇာ၊ အမွားေဇာေတြသာ ေစာသည္။
အမိုက္ေဇာ ဆိုသည္မွာ ေမာဟေဇာ၊ အမွားေဇာဆိုသည္မွာ ဒိ႒ိေဇာကို ဆိုသည္။ “ဖေလပါဋိကခၤ ိတြာ” ဟု ဒကၡိဏဝိဘဂၤသုတ္ အ႒ကထာဆိုေသာေၾကာင့္ ကုသိုလ္လို၍ ေပးမွ ဒါနဆိုရသည္။ “ခ်စ္ေပး၊ ႀကိဳက္ေပး၊ ေၾကာက္ေပး (လာဘ္ေမွ်ာ္ေပး) စသည္တို႔ကို ဒါနမဆိုရ၊”ဟု တတိယေ႐ႊက်င္သာသနာပိုင္ ဒီပဲယင္းဆရာေတာ္ဘုရားႀကီးက ပရမတၳစကၡဳ က်မ္း၌ မိန႔္ဆိုထား၏။
တိပိဋကဓရ မင္းကြန္းဆရာေတာ္ဘုရားႀကီးကလည္း “ၾကည္လင္စင္ၾကယ္ေသာ သဒၶါတရားျဖင့္ေပးျခင္း မဟုတ္ဘဲ ခ်စ္ႀကိဳက္၍ ေပးျခင္း၊ စိတ္ဆိုး၍ေပးျခင္း၊ ေၾကာက္႐ြံ႕၍ေပးျခင္း၊၊ မိုက္မဲေတြေဝ၍ေပးျခင္းမွ စ၍ေပးျခင္း ဟူသမွ်ကို ေလာက၌ ျပဳက်င့္ၾကၿမဲ ဝတၳရားအတိုင္း ေပးျခင္းမ်ိဳးျဖစ္၍ ဒါနပါရမီႏွင့္ မသက္ဆိုင္” ဟု ဒါနမမည္ေသာ ေပးျခင္းမ်ိဳးကို မိန႔္ဆိုထားေပသည္။
သို႔ျဖစ္၍ အထက္ပါ ဒါနမမည္ေသာ အလႉဒါနမ်ားအား မျပဳလုပ္မိ၊ မလႉမိေစရန္ သတိထား သင့္ပါေၾကာင္း အသိေပးလိုက္ပါသည္။ စာဖတ္သူအားလုံး သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာၿပီး လိုရာ ဆႏၵမ်ား တစ္လုံးတစ္ဝတည္း ျပည့္ဝၾကပါေစ။
ေရးသားသူ – အရွင္ဝိမလဝံသ(နာလႏၵာတကၠသိုလ္)
Unicode ဖြင့်ဖတ်ရန်
ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်တဲ့ မပေးလှူကောင်းသော အလှူ (၁၀) မျိုး
အလှူဒါနပြုခြင်းသည် ကုသိုလ်ရရန်ဖြစ်၏။ အလှူပွဲ၌ ကြက်၊ ဝက်၊ နွားများကို သတ်၍ ကျွေးမွေးခြင်းဖြင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်ရ၏။ အလှူရှင်သည် ပင့်သံဃာ၊ ဖိတ်ထားသော ပရိသတ်အတွက် လောက်လောက်ငင ဖြစ်စေရန် ကြက်က ဘယ်နှစ်ကောင်၊ ဝက်က ဘယ်နှစ်ကောင် သတ်၍ ကျွေးရမည်ဟု စိတ်ကိုဖြစ်စေ၏။
မလှူမီကပင် မနောကံ အကုသိုလ်များ ဖြစ်နေသည်။ တစ်ဖန် အလှူပွဲရောက်သောအခါ သတ္တဝါများကို မိမိကိုယ်တိုင် မသတ်စေကာမူ သင့်တော်မည့် ပုဂ္ဂိုလ်များကို သတ်ရန် ပြောဆိုစေခိုင်း ရပြန်သည်။ ထိုအခါ ဝစီကံ အကုသိုလ်က ဖြစ်ရပြန်သည်။
တစ်ဖန် ဟင်းလျာများ ရရှိရေးအတွက် ရှေးဦးစွာ ကိုယ်တိုင် အားထုတ်ရ၏။ ကြက်၊ ဝက် ရနိုင်သည့်နေရာသို့ သွားရ၏။ အရောင်းအဝယ်ကိစ္စ ဆောင်ရွတ်ရ၏။ တန်ဖိုးကို ပေးချေရ၏။ ထိုအခါ ကာယကံ အကုသိုလ် ဖြစ်တော့၏။
အလှူရှင်သည် ကောင်းမှုပြုမည်ဟု နှလုံးသွင်းကာ မကောင်းမှုကို ပြုဘိ၏။ ကုသိုလ်ပြုအံ့ဟူ၍ အကုသိုလ်ကို ပြုနေ၏။ သုဂတိလမ်းကြောင်းကို ရှာမည်ဟု ကြံစည်လျှက် ဒုဂ္ဂတိလမ်းကြောင်းကို ရှာမှီးနေဘိ၏။
သတိထားဖွယ် မပေးလှူကောင်းသော အလှူ (၁၀) မျိုး
ပေးကမ်းလှူဒါန်းမှုပြုသော်လည်း ဒါနဟု မခေါ်ရ။ အဒါနဟုသာ ခေါ်ရသည့် ပေးကမ်းမှု (၁၀) မျိုးကို မိလိန္ဒပဥှာပါဠိတော် (ဝေဿန္တရပဥှာ) ၌ ဟောကြားတော်မူသည့်အတိုင်း ဖော်ပြပါမည်။ ထိုမပေးလှူကောင်းသော အလှူ (၁၀) မျိုးမှာ
၁။ မူးယစ်စေတတ်သော သေရည်သေရက် စသော အရာများကို ပေးလှူခြင်း= မဇ္ဇဒါန။
၂။ ပွဲလမ်းသဘင် စသည်တို့ကို ပေးလှူခြင်း= သမဇ္ဇဒါန။
၃။ မေထုန်မှီဝဲမှုပြုရန် အမ-သတ္တဝါများကို ပေးလှူခြင်း= ဣတ္ထိဒါန
၄။ မေထုန်မှီဝဲစေရန် နွားလားဥသဘ စသည်ကို ပေးလှူခြင်း= ဥသဘဒါန။
၅။ ကာမဂုဏ်စိတ်ကို ထကြွ ပွားများစေတတ်သော ပန်းချီကား အရုပ် စသည်ကို ပေးလှူခြင်း= စိတ္တကမ္မဒါန။
၆။ တုတ် ဓား သေနတ်စသော လက်နက်များကို ပေးလှူခြင်း= သတ္တဒါန။
၇။ အဆိပ်ကို ပေးလှူခြင်း= ဝိသဒါန။
၈။ လက်ထိပ်၊ သံခြေကျဉ်း စသည်ကို ပေးလှူခြင်း= သင်္ခလိကဒါန။
၉။ သတ်ဖြတ် စားသောက်ရန် ကြက် ဝက် စသသည်ကို ပေးလှူခြင်း= ကုက္ကုဋသူကရဒါန။
၁၀။ မမှန်ကန်သော ချိန်ခွင်-အလေး တင်းတောင်းကြိုး စသည်ကို ပေးလှူခြင်း= တုလာကူဋဒါနတို့ ဖြစ်ပါသည်။
ထိုအလှူ (၁၀) မျိုးတို့တွင် တစ်မျိုးမျိုးကို ပေးလှူလျှင် ဒါနကုသိုလ် မဖြစ်သည့်အပြင် အကုသိုလ်တရား ဖြစ်ပွား၍ အပါယ်သို့ပင် ကျရောက်နိုင်ကြောင်း မိလိန္ဒပဥှာပါဠိတော်၌ ဟောကြားတော်မူထား၏။
ဝိနည်းငါးကျမ်းတွင် တစ်ကျမ်းအဖြစ်ပါဝင်သော ပရိဝါပါဠိတော်၌လည်း “လူ့လောကတွင် မကောင်းမှု အကုသိုလ်သာ ဖြစ်ပါလျက် လူမိုက်များက ကုသိုလ်ဟု ခေါ်ဝေါ်နေကြသည့် အလှူတို့မှာ ငါးမျိုးရှိ၏။
ထိုငါးမျိုးမှာ
(၁) သေရည် သေရက် အလှူဟူသော မဇ္ဇဒါန၊
(၂) သဘင်အလှူဟူသော သမဇ္ဇဒါန၊
(၃) မိန်းမအလှူဟူသော ဣတ္ထိဒါန၊
(၄) နွားလားဥသဘ အလှူဟူသော ဥသဘဒါန၊
(၅) ကိလေသာပွားကြောင်း ပန်းချီဆေးရေးရုပ် အလှူ ဟူသော စိတ္တကမ္မဒါနတို့ ဖြစ်၏” ဟု ဟော်ကြားထား၏။
“သူတစ်ပါးတို့ သောက်စားရန် လှူသော ယစ်မျိုးအလှူ၊ သူတစ်ပါးတို့ ကြည့်ရှုပျော်ပါးစေ။ ရန်လှူသော ပွဲသဘင်အလှူ၊ အမျိုးသားများ မေထုန်မှီဝဲရန် လှူသော မိန်းမအလှူ၊ နွားမကို သန္ဓေရအောင် လှူသော နွားလားဥသဘအလှူ၊ ကိလေသာပွားရန် ရေးဆွဲထုလုပ် ထားသော ပန်းချီဆေးရေးရုပ်ဟူသော အလှူငါးမျိုးတို့မှာ တဏှာရာဂ ပွားကြောင်း အစစ်ဧကန်ဖြစ်သောကြောင့် ကုသိုလ်မဖြစ်၊ အကုသိုလ်ဖြစ်သော အလှူတို့သာဖြစ်၏။” ဟု ပရိဝါအဋ္ဌကထာ၌ မိန့်ဆိုထား၏။
သို့ရာတွင် ဝိနည်းမဟာဝါပါဠိတော်၌ ရဟန်းတော်တို့အား အရက်ကို လိမ်းကျံရသော နယ်ဆီအဖြစ် အသုံးပြုခွင့် ပေးထားသောကြောင့် အရက်သောက်သုံးရန် မဟုတ်ဘဲ လိမ်းဆေးအဖြစ် အသုံးပြုရန် လှူကောင်း၏။ လှူလျှင် ကုသိုလ်ဖြစ်၏။ အမျိုးသမီးတို့အား အရာမ်စောင့်အဖြစ် အလှူခံခွင့်ပြုထားသော ကြောင့် အမျိုးသမီးများကို အရာမ်စောင့်အတွက် လှူကောင်း၏။ လှူလျှင် ကုသိုလ်ဖြစ်၏။
နွားလား ဥဿဘကို သေနာသနအလို့ငှာ ကျောင်းအား လှူဒါန်းကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။ ပရိဝါအဌကထာ၌ “ဇရပ် တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြဿဒ်၊ မဏ္ဍပ် စသည်တို့၌ ငရဲခန်း၊ ဘုံခန်း၊ တောထွက်ခန်း၊ ပန်းချီ၊ ပန်းပု၊ ရေးထုခြင်းကို ပြုခြင်းငှာအပ်၏” ဟု မိန့်ဆိုထားသောကြောင့် ကိလေသာစိတ်များ မဖြစ်ပွားစေတတ်သည့် ပန်းချီကား၊ ပန်းပုရုပ်တို့ကို ပေးလှူကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။
သမဇ္ဇဒါနအရာ၌ ယခုကာလကဲ့သို့ ပွဲသဘင်များ ငှား၍ ပူဇော်ခြင်းမျိုးကို မည်သည့်နည်းနှင့်မျှ မပြုကောင်း၊ ပထမရွှေကျင်ဆရာတော်ဘုရားကြီးက “အလှူပေးရာ၊ ပွဲထည့်ပါ၊ တိုက်တွန်းလာ၊ သူမိုက်တစ်ယောက် လူမိုက်စကား၊ နားယောင်မှား၊ ပွဲငှားအလှူရှင် သူမိုက်တစ်ယောက်၊” စသည့် ပွဲသဘင်အလှူနှင့်စပ်၍ လူမိုက်ဟူသော အသုံးအနှုန်းဖြင့် မိန့်ဆိုထား၏။
သို့ရာတွင် “အပျက်အချော်၊ အသရော်၊ အလော်မာ၊ ဒုစရိုက်မပါဘဲ၊ ပလလဲတော၌ ပျားလှူသော မျောက်ကဲ့သို့ဖြစ်စေ၊ ဝရုဏနတ်မင်းကဲ့သို့ဖြစ်စေ မိမိ၏ အလှူတွင် ဝမ်းမြောက်ကြည်ရုံ သဒ္ဓါဟုန်ဖြင့် ကိုယ်တိုင်ကခုန်၍ ရတနာသုံးပါးအား ပူဇော်ကောင်း၏။ ပူဇော်လျှင် ကုသိုလ်ဖြစ်၏” ဟု ဆုံးဖြတ်ထားပေသည်။
ထို့ပြင် အဆင်းလှပသော မိန်းမယောကျ်ားတို့သည် ရူပဒါနဖြစ်စေရန် အကြည့်ရှုခံ၍ အဆင်းကိုလှူအံ့၊ သဒ္ဒဒါနဖြစ်စေရန် သီချင်းသီဆို၍ အသံကို လှူအံ့၊ ဂန္ဓဒါနဖြစ်စေရန် အနမ်းအရှုခံ၍ အနံ့ကို လှူအံ့။ ဖောဋ္ဌဗ္ဗဒါနဖြစ်စေရန် အမွေ့အပိုက်ကိုခံ၍ အတွေ့ကိုလှူအံ့။ ဤအလုံးစုံသည် ကုသိုလ်မဖြစ်၊ အကုသိုလ်သာဖြစ်သည်။ ကုသိုလ်ဇောမစော၊ အမိုက်ဇော၊ အမှားဇောတွေသာ စောသည်။
အမိုက်ဇော ဆိုသည်မှာ မောဟဇော၊ အမှားဇောဆိုသည်မှာ ဒိဋ္ဌိဇောကို ဆိုသည်။ “ဖလေပါဋိကင်္ခ ိတွာ” ဟု ဒက္ခိဏဝိဘင်္ဂသုတ် အဋ္ဌကထာဆိုသောကြောင့် ကုသိုလ်လို၍ ပေးမှ ဒါနဆိုရသည်။ “ချစ်ပေး၊ ကြိုက်ပေး၊ ကြောက်ပေး (လာဘ်မျှော်ပေး) စသည်တို့ကို ဒါနမဆိုရ၊”ဟု တတိယရွှေကျင်သာသနာပိုင် ဒီပဲယင်းဆရာတော်ဘုရားကြီးက ပရမတ္ထစက္ခု ကျမ်း၌ မိန့်ဆိုထား၏။
တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးကလည်း “ကြည်လင်စင်ကြယ်သော သဒ္ဓါတရားဖြင့်ပေးခြင်း မဟုတ်ဘဲ ချစ်ကြိုက်၍ ပေးခြင်း၊ စိတ်ဆိုး၍ပေးခြင်း၊ ကြောက်ရွံ့၍ပေးခြင်း၊၊ မိုက်မဲတွေဝေ၍ပေးခြင်းမှ စ၍ပေးခြင်း ဟူသမျှကို လောက၌ ပြုကျင့်ကြမြဲ ဝတ္ထရားအတိုင်း ပေးခြင်းမျိုးဖြစ်၍ ဒါနပါရမီနှင့် မသက်ဆိုင်” ဟု ဒါနမမည်သော ပေးခြင်းမျိုးကို မိန့်ဆိုထားပေသည်။
သို့ဖြစ်၍ အထက်ပါ ဒါနမမည်သော အလှူဒါနများအား မပြုလုပ်မိ၊ မလှူမိစေရန် သတိထား သင့်ပါကြောင်း အသိပေးလိုက်ပါသည်။ စာဖတ်သူအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာပြီး လိုရာ ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
ရေးသားသူ – အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
မှတ်ချက်များ